အာဂျင်တီးနား နိုင်ငံက ကျောက်ဖြစ်ရုပ်ကြွင်း သိပ္ပံ ပညာရှင် တွေဟာ ဧရာမ အသားစား ဒိုင်နိုဆော မျိုးသစ် တစ်မျိုးကို တူးဖော် တွေ့ရှိ ခဲ့ကြကြောင်း ထုတ်ပြန် ကြေငြာ ခဲ့ပါတယ်။
သူတို့ရဲ့ တွေ့ရှိချက်ကို Current Biology Journal အမည်ရှိ ဇီဝဗေဒ သုတေသန ဂျာနယ်မှာ တင်ပြ ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီ သုတေသန စာတမ်း အရ သိပ္ပံ ပညာရှင် တွေဟာ အရင်က တွေ့ရှိခဲ့ ဖူးခြင်း မရှိခဲ့တဲ့ ဒိုင်နိုဆော မျိုးစိတ် တစ်ခုရဲ့ အရိုး ကျောက်ဖြစ်ရုပ်ကြွင်း အများအပြားကို ပါတာဂိုးနီးယား ဒေသ မြောက်ပိုင်းမှာ (northern Patagonia) တူးဖော် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အခု တွေ့ရတဲ့ ဒိုင်နိုဆောကို မီရာဆက် ဂိုင်ဂတ်စ် (Meraxes gigas) လို့ အမည်ပေးထားပါတယ်။ ဒီ ဒိုင်နိုဆော ကြီးဟာ အလျား ၃၆ ပေ ရှည်လျားပြီး ဦးခေါင်းရိုး တင် ၄ ပေ ရှည်ပါတယ်။
ဒါပေမယ့် ထူးခြားတာ ကတော့ သူ့ရဲ့ လက်တွေဟာ အရှည် ၂ ပေထဲ ရှိတာ တွေ့ကြရ ပါတယ်။
သိပ္ပံ ပညာရှင် တွေက ဒီ အသားစား ဒိုင်နိုဆောမှာ လက်တွေ တိုနေတာဟာ သူ့အတွက် အသက်ရှင်ဖို့ အခွင့်အလမ်း ပိုများ စေမယ်လို့ ယုံကြည် ကြပါတယ်။
“ဒီ လက်ချောင်း တိုတိုသေးသေး လေးတွေမှာ လုပ်ငန်းဆောင်တာ တခုခု ရှိမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီ လက်ရိုးမှာ ကြွက်သား အကြီးကြီးတွေ လာပြီး တွယ်တဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ နောက်ပြီး ပုခုံးရိုး တွေကလဲ ကြီးထွား ဖွံ့ဖြိုး နေပါတယ်။ ဒါဘာကို ပြလဲဆိုတော့ ဒီ ဒိုင်နိုဆောရဲ့ လက်တွေမှာ သန်မာတဲ့ ကြွက်သားတွေ ရှိကြတယ် ဆိုတာပဲ ဖြစ်ပါတယ်” လို့ ဒီစာတမ်း တင်ပြတဲ့ သိပ္ပံ သုတေသန အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ဂျွန်ကာနေးလ် (Juan Canale) က ရှင်းပြပါတယ်။
“သူတို့က ဒီ လက်တွေကို မျိုးပွားတဲ့ အခါမျိုးမှာ အသုံးချ တာလဲ ဖြစ်နိုင်ပါတယ်။ ဥပမာ မျိုးပွားလုပ်ငန်း လုပ်ကိုင်ချိန်မှာ ဒိုင်နိုဆော အမကို ချုပ်ထားတာ မျိုးပေါ့။ ဒါမှ မဟုတ်လဲ ပြုတ်ကျ၊ လဲကျ သွားတဲ့ အခါ ပြန်ထနိုင်အောင် ထောက်ဖို့အတွက်လဲ ဖြစ်နိုင်ပါတယ်” လို့ သူက ဆက်ရှင်းပြပါတယ်။
ဒီစာတမ်းကို ပူးတွဲ ရေးသားသူ ပီတာ မာကိုဗစ်ကီ (Peter Makovicky) ကလဲ ဒီ ဒိုင်နိုဆောရဲ့ လက်တွေဟာ သူတို့ ခေါင်းအရှည်ရဲ့ တဝက်လောက်ပဲ ရှိကြောင်း၊ ဒီလက်နဲ့ သူတို့ရဲ့ ပါးစပ်ကိုတောင် ထိအောင် လှမ်းနိုင်မှာ မဟုတ်ဘူးလို့ ထောက်ပြပါတယ်။
သူက ဒီ ဒိုင်နိုဆောရဲ့ ကြီးမားတဲ့ ခေါင်း တွေက သားကောင်တွေကို တိုက်ခိုက် ဖမ်းယူ ကိုက်ဖြတ် စားသုံးဖို့ အရေးအပါဆုံး လက်နက်တွေ ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါဟာ အခြား အကောင်ငယ် လေးတွေလို လက်တွေကို အသုံးချစရာ မလိုဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။
Meraxes gigas ဆိုတဲ့ အမည်ကို Gams of Throne ရုပ်ရှင် ဇါတ်လမ်းတွဲ ထဲက နဂါးကြီးရဲ့ အမည်ကို ယူပြီး ပေးထားတာ ဖြစ်ပါတယ်။
ဒီ ဒိုင်နိုဆောဟာ အလေးချိန် အားဖြင့် ၄ တန် ခန့် လေးပါတယ်။ သိပ္ပံ ပညာရှင် တွေက ဒီ ဒိုင်နိုဆော မျိုးစိတ်ဟာ လွန်ခဲ့တဲ့ နှစ်သန်း ၉၀ နဲ့ ၁၀၀ ကြားက အသက်ရှင်သန် နေထိုင် ခဲ့လိမ့်မယ်လို့ ယူဆ ကြပါတယ်။
အခုထိ ဒီလို လက်တံတိုတဲ့ အသားစား ဒိုင်နိုဆော တွေ့ရှိမှုဟာ ဒါနဲ့ဆို ၃ ခုမြောက် ဖြစ်ပါတယ်။ ကျန်တဲ့ နှစ်မျိုးထဲက တစ်မျိုးကတော့ နာမည်ကျော် ရေပန်းစားပြီး ရုပ်ရှင်တွေထဲ အမြဲ ပါလေ့ရှိတဲ့ T-Rex (Tyrannosaurus rex) ပဲ ဖြစ်ပါတယ်။
Ref: Dinosaur finding hints at why T-rex had small arms | BBC
T-Rex နဲ့ တူတဲ့ ဒိုင်နိုဆော မျိုးသစ် ရှာဖွေတွေ့ရှိ
July 9, 2022
Other Posts
- ဥက္ကာပျံ ဝင်တိုက်မှုကြောင့် ကမ္ဘာ့ တိုက်ကြီးများ ဖြစ်ပေါ်လာ
- ကမ္ဘာနဲ့ အနီးဆုံး Black Hole တွင်းနက်ကြီးတစ်ခု ရှာတွေ့
- အိန္ဒိယ ရေတပ်မတော်၏ လေယာဉ်တင် သင်္ဘောကြီး ပင်လယ်ပြင် စမ်းသပ်မှု အောင်မြင်စွာ ပြီးဆုံး
- AI ဉာဏ်ရည်တု တိုက်ခိုက်ရေး ဒရုန်းများရဲ့ အန္တရာယ်
- နွေယဉ်စွန်း နေအလင်းကို ဖမ်းယူသည့် နှစ် ၅,၄၀၀ သက်တမ်းရှိ ဂူသင်္ချိုင်း စပိန်တွင် ရှာဖွေတွေ့ရှိ
- လေယာဉ်အင်ဂျင်သံကို ၈၀% ထိလျှော့ချပေးမယ့် ဂရပ်ဖင်း အသံလုံပစ္စည်း
- ကြောက်စရာ သံလိုက်ကြယ်များ
- Black hole တွေ သေဆုံးနိုင်သလား
- AI ဆရာဝန်က လူနာရဲ့ အခြေအနေကို ပိုမိုမှန်ကန်စွာ ခန့်မှန်းနိုင်ကြောင်းတွေ့ရှိ
- စကြာဝဠာ အစဦးမှ တောက်ပသော ဂလက်ဆီ အများအပြား ဂျိမ်းစ်ဝက်ဘ် ရှာတွေ့
